ခရစ်နှစ် ၁၂၈၇ ခုနှစ် ကူဗလိုင်ခန်မင်းကြီး၏ မွန်ဂိုတပ်များသည် ပုဂံနိုင်ငံတော်အားဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပုဂံတပ်များ ငဆောင်ချမ်းတိုက်ပွဲတွင်ရှုံးနိမ့်ခဲ့ပြီးနောက် ဗန်းမော်အငူတိုက်ပွဲ၊ မန်လည်တောင်တိုက်ပွဲတို့တွင် ထပ်မံရှုံးနိမ့်ခဲ့ပြီးနောက် မွန်ဂိုတပ်များ တရုတ်မော်တွင်တပ်စွဲထားရာ ပုဂံပြည့်ရှင် နရသီဟပတေ့သည် မြို့ကိုစွန့်ခွာ၍ အောက်ပြည်အောက်ရွာသို့ ထွက်ပြေးခဲ့ပါသည်။ ထို့အချိန်တွင် ဆရာတော်ရှင်ဒိဿာပါမောက်မှ တရုတ်ပြည်သို့စွန့်စားထွက်ခွာ၍ မွန်ဂိုဘုရင်ကူဗလိုင်ခန်မင်းနှင့်တွေ့ဆုံ၍ တရားဟောပြောခဲ့ရာ ကူဗလိုင်ခန်မင်းသည် ပုဂံနေပြည်တော်မှ ထွက်ပြေးသွားသည့် တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်းအား လိုက်လံဖမ်းဆီးမည့်အစီအစဉ်ကိုဖျက်သိမ်းခဲ့ပါသည်။ ထို့နောက် မွန်ဂိုတပ်များသည် ဂျပန်နိုင်ငံသို့သွားရောက်ကျူးကျော်တိုက်ခိုက်နေရသဖြင့် ထိုနှစ်များတွင် မွန်ဂိုတို့သည် ကျန်ရှိနေသောအောက်မြန်မာနိုင်ငံအား ဆက်လက်သိမ်းပိုက်ခြင်းမပြုပေးပေ။
မြန်မာနိုင်ငံအားဆက်လက်သိမ်းပိုက်မပြုသေးမီကာလ ၁၂၉၇ ခုနှစ် ဒီဇင်ဘာလတွင် ရှမ်းညီနောင်သုံးဦးတို့သည် ပုဂံမင်းဆက်၏နောက်ဆုံးမင်းဖြစ်သည့် ကျော်စွာမင်းအားနန်းချကာ မြင်စိုင်း၊ ပင်းယနှင့် ပင်လယ်မြို့တို့တွင် အသီးသီးနိုင်ငံထူထောင်လိုက်ကြလေသည်။ ထိုအချိန်တွင် အထက်မြန်မာနိုင်ငံတွင် တကောင်းကိုဗဟိုပြုကာ မွန်ဂိုတပ်များတပ်စွဲထားပြီး အထက်မြန်မာနိုင်ငံကိုလဲ တရုတ်ပြည်၏ပိုင်နက် "မီယန်ချွန်" ပြည်နယ်အဖြစ်ထည့်သွင်းထားလေသည်။ ရှမ်းညီနောင်သုံးဦးတို့သည် ကျော်စွာမင်း၏သားစောမွန်နစ်အား ပုဂံဘုရင်အဖြစ်ထားရှိခဲ့သော်လည်း ရုပ်သေးဘုရင်အဖြစ်သာစိုးစံရလေသည်။ ပုဂံမင်းဆက်၏နောက်ဆုံးသွေးဖြစ်သည့် ကျော်စွာမင်းနန်းကျပြီးနောက် သားတော်နောက်တစ်ဦးဖြစ်သည့် ကုမာရကဿဖမင်းသားသည် တရုတ်ပိုက်နက်အတွင်းသို့ဝင်ရောက်ခိုလှုံခဲ့လေသည်။ ထိုအချိန်မှသာ ဂျပန်နိုင်ငံသိမ်းပိုက်ရေးကို အာရုံရောက်နေသည့် မွန်ဂိုတပ်များသည် အောက်မြန်မာနိုင်ငံကိုဆက်လက်သိမ်းပိုက်ရန်စီစဉ်လေသည်။ ခရစ်နှစ် ၁၃၀၀ ပြည့်နှစ် ဇန်နဝါရီလတွင် မြင်စိုင်းတပ်များသည် မန္တလေးမြို့မြောက်ဘက်ရှိ မွန်ဂိုတို့၏ခံတပ်များသည်ဖြစ်သည့် စဉ့်ကူးခံတပ်နှင့် အခြားခံတပ်များအား ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြလေသည်။
ထို့ကြောင့် မွန်ဂိုအစိုးရမှ ကုမာရကဿဖမင်းသားသာလျှင် မြန်မာနိုင်ငံ၏ ဘုရင်ဖြစ်ကြောင်းကြေငြာ၍ ၁၃၀၀ ပြည့်နှစ် ဇွန်လ ၂၂ ရက်နေ့တွင် တကောင်းရှိမွန်ဂိုတပ်များသည် ယူနန်တွင်တပ်စွဲထားသည့်တပ်များနှင့်ပူးပေါင်း၍ မြင်စိုင်းနိုင်ငံတော်အားချီတက်သိမ်းပိုက်လေသည်။ သို့သော် အင်အားကြီးမားလှသောမွန်ဂိုတပ်များကို မြင်စိုင်း၏နာမည်ကျော်ကာစွဲကိုင်တပ်ဖွဲ့များမှ ရုတ်တရက်အလစ်ဝင်ရောက်တိုက်ခိုက်၍ မိုးရာသီတစ်လျှောက်လုံး မွန်ဂိုတပ်များမြင်စိုင်းသို့မရောက်ရှိရေး ဖြည်းဖြည်းချင်းအချိန်ဆွဲ၍တိုက်ခိုက်ရာ မြန်မာပြည်တောနက်အတွင်းတွင် မွန်ဂိုတပ်များသည် မြန်မာပြည်ငှက်ဖျားဒဏ်ကိုခံရခြင်း၊ မြွေကင်းပေါများလှခြင်းတို့ကြောင့် အင်အားချိနဲ့လာလေသည်။
ခရစ်နှစ် ၁၃၀၁ ခုနှစ် ဇန်နဝါရီလတွင် မွန်ဂိုတပ်များသည် မြင်စိုင်းအားဝိုင်းမိလေသည်။ သို့သော် ပုဂံအား လျှင်လျှင်မြန်မြန်သိမ်းပိုက်နိုင်လိုက်သော မွန်ဂိုတပ်များသည် မြင်စိုင်းသို့ရောက်ရှိသည့်အချိန်တွင် အင်အားချိနဲ့၍ စိတ်ဓာတ်ကျဆင်းနေပြီဖြစ်ပါသည်။ ၎င်းကိုအခွင့်ကောင်းယူ၍ မြင်စိုင်းတပ်များသည် မြို့ရိုးပေါ်မှနေရ မွန်ဂိုတပ်များအတွင်းသို့ မြှားမိုးရွာခြင်း၊ မြင်းသည်တော်များဖြင့် အလစ်ဝင်ရောက်တိုက်ခိုက်ခြင်း၊ မွန်ဂိုများတပ်စွဲရာ နေရာများဆီသို့ ကင်း၊ မြွေနှင့်အဆိပ်ရှိသောသတ္တဝါများ လွှတ်ခြင်းစသည့်နည်းလမ်းမျိုးစုံတို့ဖြင့် အမျိုးမျိုး ဒုက္ခပေးလေရာ ခရစ်နှစ် ၁၃၀၁ ခုနှစ် ဧပြီလတွင် မွန်ဂိုတပ်များအား မြင်စိုင်းစစ်မျက်နှာမှပြန်လည်ဆုတ်ခွာခဲ့ရပါသည်။ မြင်စိုင်းတွင်စစ်ရှုံးခဲ့သည့်အတွက် မွန်ဂိုဗဟိုအစိုးရသည် ပါဝင်တိုက်ခိုက်ခဲ့သည့် မွန်ဂိုတပ်မှူးများအား ကွပ်မြတ်ခဲ့ပြီးနောက် ကူဗလိုင်ခန်မင်း၏နောက်ပိုင်း တီမူရာခန်မင်းလက်ထက်တွင် မွန်ဂိုများအချင်းချင်းသွေးကွဲကြပြီး မွန်ဂိုအင်ပါယာကြီး (၄)ပိုင်းကွဲသွားရာ အင်အားချိနဲ့လာသဖြင့် တကောင်းတွင်တပ်စွဲထားသည့် မွန်ဂိုတပ်များသည် ၁၃၀၃ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံအတွင်းမှ လုံးဝတပ်ဆုတ်သွားခဲ့ပါသည်။ ဤသို့ဖြင့် ပထမမြန်မာနိုင်ငံတော်ကြီးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သော မွန်ဂိုတပ်များအား မြင်စိုင်းနိုင်ငံငယ်ကလေးမှ တိုက်ခိုက်အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအား မွန်ဂိုတို့သိမ်းပိုက်မည့်အရေးမှ ကာကွယ်နိုင်ခဲ့ပါသည်။
ဦးနတ်ရဲ