ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်မြောက်ဖျားက ကမ္ဘာကျော်ခံတပ်ကြီးများ

ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗြိတိသျှတပ်များသည် မြန်မာနိုင်ငံကိုလက်လွတ်ဆုံးရှုံးလိုက်ရပြီးနောက် မဟာမိတ် တရုတ်တပ်များနှင့် ဆက်သွယ်ရန်လမ်းကြောင်းများအားလုံးအား ဂျပန်တပ်များက ထိန်းသိမ်းထား လိုက်သည့်အတွက် မဟာမိတ်တပ်များစုပေါင်း၍ Burma Campaign ထိုးစစ်အဖြစ် ဂျပန်တို့၏ လှုပ်ရှားမှုများအား ရပ်တံ့သွားနိုင်ရေးအတွက် အစီအစဉ်များချမှတ်၍ တိုက်ခိုက်ရန်စီစဉ်ကြလေတော့သည်။ ကမ္ဘာကျော်အင်ဖာထိုးစစ်ကြီးအပြီး အင်အားချိနဲ့သွားသော ဂျပန်တပ်များအား မြန်မာပြည်မြောက်ဖျားပိုင်း ဒေသမှ တိုက်ထုတ်ရန်အတွက် ပျောက်ကြားထိုးစစ်ကြီးကို မဟာမိတ်တပ်များစီစဉ်ကြလေတော့သည်။
မြန်မာပြည်မြောက်ဖျားပျောက်ကြားထိုးစစ်ကြီးအတွက် ပျောက်ကြားစစ်များတွင်နာမည်ကျော်သည့် ဗြိတိသျှ ဗိုလ်ချုပ်ဝင်းဂိတ်မှ ဦးဆောင်တာဝန်ယူပြီး ပျောက်ကြားစစ်ပွဲကိုဆင်နွဲရန်အတွက် ယခင်က ရည်ရှည်ပျောက်ကြားစစ်ပွဲများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အမှတ်(၇၇)အိန္ဒိယခြေမြန်တပ်မကြီးမှ စစ်သည်များအား ဗိုလ်ချုပ်ဝင်းဂိတ်ကိုယ်တိုင်အိန္ဒိယတောများအတွင်း ခက်ခဲကြမ်းတမ်းသည့်မိုးရာသီအတွင်းတွင် လေ့ကျင့်ပေးခဲ့ပြီး ထိုမှတစ်ဆင့် ဘုရင့်လီဗာပူးတပ်ရင်းမှ အမှတ်(၁၃)တပ်ခွဲ၊ အမှတ်(၁၄၂)ကွန်မန်ဒိုတပ်ရင်း၏အမှတ်(၃)တပ်ခွဲ၊ အမှတ်(၂)ဂေါ်ရခါးတပ်ရင်း၏ အမှတ်(၂)တပ်ခွဲ၊ ဗားမားရိုင်ဖယ်တပ်များကိုစုစည်း၍ မြန်မာပြည်မြောက်ပိုင်းတွင်လှုပ်ရှားမည့် တပ်ဖွဲ့ကြီးအဖြစ်ဖွဲ့စည်းခဲ့ပါသည်။
ယင်းတပ်ဖွဲ့များကိုစုစည်းပြီးနောက် မြန်မာပြည်မြောက်ဖျားတွင်စစ်ဆင်ရေးများဆောင်ရွက်ရန် အထူးတပ်ဖွဲ့အဖြစ် "ချင်းဒချ်"တပ်ဖွဲ့ဟု နာမည်ပေးခဲ့ပြီး အဆိုပါနာမည်ကို မြန်မာအမည်ခြင်္သေ့အား မပီမသရွတ်ဆိုရာမှ တွင်ခဲ့သောနာမည်ဖြစ်ပြီး မြန်မာလူမျိုးဗိုလ်ကြီးအောင်သင်းမှ အကြံပြုခဲ့ခြင်းဖြစ်ပါသည်။ ၎င်းတပ်ဖွဲ့ကြီး၏ စစ်ချီရာလမ်းတစ်လျှောက်တွင် ရိက္ခာများထောက်ပံ့ပေးနိုင်ရန် လေကြောင်းမှထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ကြပြီး၊ စစ်သည်များအားလုံးမြန်မာပြည်တောနက်များအတွင်းတွင် ပုန်းအောင်နေထိုင်နိုင်ရန် အထူးလေ့ကျင့်ကြရပါသည်။ တပ်ဖွဲ့ကြီး၏ဖွဲ့စည်းပုံအားလည်း ဗြိတိသျှတို့၏တပ်ရင်းဖွဲ့စည်းပုံမှခွဲထွက်၍ လက်နက်ငယ်များနှင့် ၂ လက္မစိန်ပြောင်းကိုင်တပ်ဖွဲ့ငယ်များ၊ ထောက်ပံ့ရေးအဖွဲ့များအဖြစ် တင့်ဖျက်လက်နက်ကိုင်များ၊ လေယာဉ်ပစ်လက်နက်ကိုင်များ၊ ဆက်သွယ်ရေးတပ်များဖြင့်ဖွဲ့စည်းခဲ့ပြီး ဆေးတပ်ဖွဲ့နှင့် ဆက်သွယ်ရေးတပ်ဖွဲ့ကို တပ်ဖွဲ့ဌာနချုပ်တွင်သာထားရှိရန် အစီအစဉ်များပြုလုပ်ခဲ့ကြပါသည်။
၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလတွင် ကြာသာပတေးစစ်ဆင်ဆင်ရေး (Operation Thursday)အဖြစ် အင်အား ၈၀၀၀ ခန့်ရှိသော ချင်းဒချ်တပ်ဖွဲ့များသည် အခြားတပ်ဖွဲ့များနှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ချီတက်လာခဲ့ကြပါသည်။ ဗိုလ်မှူးချုပ်ဖာဂူဆန်၏ အမှတ်(၁၆)ခြေလျင်တပ်မသည် လီဒိုလမ်းမကြီးအတိုင်း ဂျပန်တပ်များ၏နောက်ကျောဖက်သို့ချီတက်ခဲ့ပါသည်။ ၁၉၄၄ ခုနှစ် မတ်လတွင် မဟာမိတ်တပ်များသည် အင်ဖာတွင်စစ်ရှုံးထားသော ဂျပန်တပ်များ၏နောက်ကျောမှ ဝင်ရောက်တိုက်ခိုက်နိုင်ရန် လေယာဉ်ကွင်းအပါအဝင် ခံတပ်များတည်ဆောက်ခဲ့ရပြီး ၎င်းတို့အထဲတွင် ဗိုလ်မှူးချုပ် မိုက်ကယ် ကယ်လ်ဗတ်၏ Broadway ဟု အမည်ဝှက်ပေးထားသည့် လေယာဉ်ကွင်းနှင့် မော်လူးမြို့အနီး ဟဲနုကျေးရွာရှိ မြို့တော်ဖြူခံတပ်(White City)ခံတပ်တို့လည်းပါဝင်ပါသည်။ မြို့တော်ဖြူခံတပ်(White City) ခံတပ်သည် ချင်းဒချ်တပ်ဖွဲ့များမှ ဂျပန်များအား ရက်သတ္တပတ်များစွာခုခံထားခဲ့နိုင်သည့် မြန်မာပြည်ထိုးစစ်တွင်အရေးပါသောခံတပ်တစ်ခုလည်းဖြစ်ပါသည်။ မြို့တော်ဖြူ( White City)ဟု အမည်ပေးခဲ့ရခြင်းမှာလည်း Broadway လေယာဉ်ကွင်းသို့ မဟာမိတ်လေတပ်များမှ ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းများချပေးသည့်အခါ လေထီးဖြူဖြူများ တောင်ရိုးတစ်လျှောက် ဖုံးအုပ်နေသည့်အတွက်ထိုကဲ့သို့အမည်ပေးခဲ့ကြခြင်းလည်းဖြစ်ပါသည်။
မြို့တော်ဖြူခံတပ်နေရာအား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေရေးအတွက် ပြန်လည်ဖွင့်လှစ်ခဲ့စဉ်
ထို့အပြင် ဂျပန်တပ်များသည်လည်း အင်ဖာထိုးစစ်နှင့် Broadway လေယာဉ်ကွင်းအားသိမ်းပိုက်နိုင်ရေးအတွက်တိုက်ခိုက်သည့် မြို့တော်ဖြူခံတပ်တိုက်ပွဲတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်သားများအား ကုသနိုင်ရေး အင်းတော်မြို့တွင် မြေအောက်စစ်ဆေးရုံကြီးအား အခိုင်အမာတည်ဆောက်ခဲ့ကြပါသည်။ ၎င်းစစ်ဆေးရုံကြီးအားလည်း ၂၀၁၈ ခုနှစ်မှစတင်၍ မြို့နေဒေသခံများဦးဆောင်၍ ပြန်လည်တူးဖော်လျှက်ရှိပါသည်။ ၎င်းမြေအောက်စစ်ဆေးရုံသည် အင်းတော်ချောင်းအနီးရှိ တောင်ကုန်းအတွင်း ဝှက်၍တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုလက်ရှိတွင် ဆေးရုံတူးဖော်ရာမှရရှိသည့် စစ်ကျန်သမိုင်းမှတ်တမ်းဝင်ပစ္စည်းများအားထိန်းသိမ်းထားနိုင်ရန် ကိုယ်ထူကိုယ်ထသမိုင်းပြတိုက်တည်ဆောက်ထားရှိပြီး စစ်ဆေးရုံတူးဖော်ခြင်းလုပ်ငန်းမှာ ပြီးမြောက်သေးခြင်းမရှိသေးပါ။
စစ်ဆေးရုံအတွင်းသို့ဝင်သည့် လှိုဏ်ပေါက်တစ်နေရာ
ထိုနေရာများသည် မြန်မာပြည်ထိုးစစ်တွင်ပါဝင်ခဲ့သည့် ချင်းဒချ်တပ်ဖွဲ့များနှင့် ဂျပန်တပ်ဖွဲ့တို့၏ အရေးပါသောနေရာများအဖြစ် ယနေ့တိုင်တည်ရှိလျှက်ရှိပြီး မြို့တော်ဖြူခံတပ်သို့လည်းကောင်း ဂျပန်စစ်ဆေးရုံနေရာသို့လည်းကောင်း ပြည်ပခရီးသွားဧည့်သည်များလာရောက်လေ့လာလျှက်ရှိပြီး ထိုဒေသတွင် ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များ၏ဆွေမျိုးများမှ မကြာခဏအရိုးကောက်လာရောက်လေ့ရှိပြီး ကျဆုံးခဲ့သူများအတွက် ဆုတောင်းခြင်းများပြုလုပ်ပေးလေ့ရှိကြပါသည်။
ချင်းဒချ်တပ်များ၏လက်မောင်းတံဆိပ်
ထို့အပြင် လန်ဒန်မြို့တွင်လည်း မြန်မာပြည်ထိုးစစ်တွင် အသေအကျေတိုက်ခိုက်ခဲ့ကြသော နှစ်ဖက်စစ်သည်များ၏ရေးသားထားသည့်မှတ်တမ်းမှတ်ရာများ၊ ဓာတ်ပုံများ၊ သမိုင်းမှတ်တမ်းများအားထိန်းသိမ်းထားရှိရန်နှင့်ကျန်ရစ်သူမိသားစုဝင်များနှစ်ဖက်သင့်မြတ်နိုင်ရေးတို့အတွက် Burma Campaign Society အဖွဲ့ကိုဖွဲ့စည်းထားလျှက်ရှိပါသည်။
ဦးနတ်ရဲ
0 comments:
Post a Comment